Thursday, October 16, 2014

ပုဂံမြို့သစ် ဆိုသည်မှာ


ပုဂံမြို့သစ် ဆိုသည်မှာ =
============
ပုဂံလို့ဆိုလိုက်ရင်း ကျွန်တော်တို့တွေရဲ့ မျက်စိထဲမှာ အနော်ရထားမင်းကြီးနဲ့ ကျန်စစ်မင်းကြီးတို့ကို မြင်ယောင်မိကြမယ်။ ကျွန်တော်တို့နားထဲမှာ ပုဂံမြို့တေးသွားလေးတွေကို ကြားယောင်နေကြမယ်။ ဘာကြောင့်လဲ သာသနာရောင်ဝါ ထွန်းပြောင်ခဲ့ပေလို့။ အနော်ရထာမင်းကြီးက အစတည်လို့ ပုဂံအရပ်မှာ ဗုဒ္ဓသာသနာစတင်ထွန်းကားခဲ့တယ်။ သာသနိက စေတီပုထိုးမြောက်များစွာကို ဖူးတွေ့နိုင်တယ်။ သာသနာ့ အောင်မြေအဖြစ် မှတ်ချက်ချရမယ့်နေရာတစ်ခုပေါ့။ သီတဂူဆရာတော်ကြီးကိုယ်တိုင် ဟောကြားတဲ့ တရားတော်ကို နာကြားရတဲ့အခါမှာ ဒီလိုသာသနိကအဆောက်အဦးတွေ ရှိနေရုံမျှနဲ့လည်း သာသနာက မတည်နိုင်ဘူး။ ပရိယတ္တိပိုင်းမှာ အားကောင်းဖို့လဲ လိုတယ်ဆိုတဲ့အဆုံးအမကိုတော့ အလေးထားကြရပါမယ်။ သာသနာတော်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်နေမှ အရှည်တည်တံ့မယ်ဆိုတာတော့ ပြောဖွယ်ရာမရှိပါဘူး။ ပုဂံဒေသမှာလည်း ပရိယတ္တိသာသနာပြုကျောင်းတိုက်တွေ ရှိနေတာကို ကြားသိရပါတယ်။ မြန်မာပြည် တလွှားက ဘုရားဖူးပြည်သူတွေအနေနဲ့ ပုဂံလို့ဆိုလိုက်ရင်ပဲ ပုရားစေတီပုထိုးတွေနဲ့ သာသနာ့အောင်မြေတစ်ခု အဖြစ်ဂုဏ်ယူမိကြတာပါပဲ။ ကိုယ်တိုင်လည်း ထိုနည်း၎င်းပါပဲ။ ယခုအခါမှာ ပုဂံကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် မှတ်တမ်းဝင်ဖြစ်ဖို့ တိုင်ပင်လုပ်ဆောင်နေကြတာမျိုး မကြာသေးခင်ရက်ပိုင်းကပဲ ယူနက်စကိုက ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကြတယ်လို့ ကြားသိရပါတယ်။ ကိုရေးတဲ့စာတစ်စောင်ကြောင့် သမိုင်းဝင်အမွေအနှစ်စာရင်းဝင် နေရာတစ်ခု အတွက် အနှောက်အယှက်ဖြစ်စေမှာကိုလည်း စိုးရိမ်ပါတယ်။ ယခင်က ပုဂံမြို့လူနေရပ်ကွက်ဟာ ယခု နန်းတော်ရာဝန်းကျင်မှာ တည်ရှိခဲ့ပါတယ်။ ပုဂံမြို့သူ မြို့သားတွေသာလျှင် မြို့ဟောင်း ၊ မြို့သစ်ရယ်လို့ ခွဲခြားပြောဆိုတာမျိုးရှိပါတယ်။ မြို့သစ်ဖြစ်ပေါ်လာရခြင်း အကြောင်းက ၁၉၉၀ ခုနှစ်မှာ မြို့ဟောင်းလို့ ဆိုကြတဲ့ နေရာက လူနေရပ်ကွက်တွေကို ယခု လောကန္ဒာ ဘုရား ဘက်ကို ရွှေ့ပြောင်းစေခဲ့ပါတယ်။ တချို့တွေကလည်း မပြောင်းရွှေ့လိုကြဘူး။ နေသားကျနေတဲ့ နေရာတစ်ခုက နေ ယာကွက်တွေထဲကို ပြောင်းခိုင်းတဲ့အခါမှာ ဒီလိုမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဖြစ်ရိုး ဖြစ်စဉ်လို့ ဆိုရမှာပေါ့။ ဒါပေမယ့် မဖြစ်မနေပြောင်းကြရမယ်ဆိုပြီး ပြောင်းရွှေ့ဖို့ စီစဉ်ပေးတဲ့အတွက် ပြောင်းရွှေ့ခဲ့ကြရတယ်လို့ ဆိုပါစို့။ ပုဂံကို ဘုရားဖူးလာတဲ့အခါ ညောင်ဦး ရွှေစည်းခုံကနေ စဖူးလာမယ်။ အနန္ဒာဘုရားနားရောက်ရင် မြို့ဟောင်းဖြစ်နေပါပြီ။ ဖူးရားတွေ စုံလင်အောင်ဖူးလာကြမယ်။ ဗူးဘုရားကို ၀င်မယ်။ ကန်တော့ပုလ္လင်ကို ၀င်မယ်။ မြင်းကပါအရပ်မှာရှိတဲ့ မနူဟာဘုရားကို ၀င်ရောက်ဖူးမျှော်ပြီး လောကနန္ဒာကို ဆက်လက်ချီတက်ကြ မယ်ဆိုရင်တော့ မြို့သစ်ကို ရောက်လာပါပြီ။ စိမ်းညက်ညီအစ်မ ဘုရားကို ကျော်လာတယ်ဆိုရင်ပဲ မြို့သစ်အ၀င်ကို ရောက်ရှိပါပြီ။ လူနေရပ်ကွက်တွေ ပြောင်းရွှေ့လာတာ ယနေ့ အချိန် ၂၀၁၄ ခုဆိုတော့ နှစ်ပေါင်း နှစ်ဆယ့်လေးနှစ် ရှိပြီပေါ့။ မပြောင်းချင်ပြောင်းချင်နဲ့ ပြောင်းလာရသူတွေ ရှိတယ်။ အများစုကတော့နေသားတကျ နေရာကနေ မပြောင်းချင်တဲ့သူတွေချည်းပါပဲ။ ပြောင်းရွှေ့လာပြီးတဲ့အချိန်မှာတော့ မြို့သစ်လို့ ဆိုပေသည့် ရွာတစ်ရွာလို့ ပေါ့။ နှစ်လကျော်လောက်မှ လျှပ်စစ်မီးရတယ်။ အဲဒီနောက်ပိုင်းလည်း လမ်းတွေကတော့ အဆင်မပြေသေးဘူးတဲ့။ ဘူဒိုဇာထိုးထားတဲ့ လမ်းတွေကို ကျောက်ကြီးတွေ ခင်းပေးထားတော့ လမ်းကြမ်းကြီးတွေဖြစ်နေပါတယ်တဲ့။ စက်ဘီးတောင် စီးမဖြစ်ဘူးလို့ ဆိုပါတယ်။ ဒါနဲ့ အခု ကတ္တရာလမ်းတွေဖြစ်နေပါပြီအဘရဲ့ လို့ ကျွန်တော် မေးမြန်းစုံစမ်းတဲ့ အဘကို မေးကြည့်တော့ “ ငါ့တူကလည်း ၊ ဒါ ဘာကြာသေးလို့လဲ ၊ မင်းတို့အဖေတွေ မရောက်သေးခင်ကမှ ဒါတွေခင်းပြီးတာ။ အများဆုံးရှိ တစ်နှစ်တောင်မပြည့်သေးပါဘူးကွာ”လို့ ဆိုတယ်။ ကျွန်တော်ရောက်နေတာတော့ သုံးလနီးပါးရှိပါပြီ။ ဒါဆိုအဘတို့ ရောက်စက ကတ္တရာလမ်းရယ်လို့ မရှိဘူးပေါ့။ လမ်းမတော် လမ်းမကြီး တစ်ခုပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒီမှာ ပြောစရာတစ်ခုဖြစ်ပြီနော်။ ယခင်က ကျောက်ကြမ်းတွေပဲ ခင်းပေးထားတယ်ဆိုတာ နိုင်ငံတော်က ကတ္တရာလမ်းအတွက် ချပေးရဲ့သားနဲ့ ခင်းမပေးဘဲ ဘုန်းပြစ်ကြတာလား။ လုံးဝကို ချမပေးခဲ့တာလား။ အခု ကျွန်တော်မြို့သစ်ကို စရောက်ကတည်းက လေ့လာသမှု ပြုကြည့်မိပါတယ်။ မြို့ဈေးတန်းရယ်လို့ တောဈေးတန်းလို့ နံနက်ပိုင်းထွက်တဲ့ဈေးကလေးပဲ ရှိတယ်။ ဈေးနေရာမှာ ဟိန်းဇော်-မန္တလေးကုမ္ပဏီက ဆောက်လုပ်လျှက်ရှိပါတယ်။ မြို့ဆိုပြီးရွှေ့ပေးခဲ့တယ်။ လမ်းကျောက်ကြမ်း နဲ့ တောဈေးတန်းလေးသာ ရှိတယ်။ ဒါနဲ့အဘရယ် အခုတော့ ဟော်တယ်တွေလည်း တော်တော်များများဖြစ်နေပါပြီ။ တိုးတက်မှုနှုန်းမြန်တယ်လို့တော့ ဆိုရမှာပေါ့။ ဒီဟော်တယ်တွေဆိုတာက Visit Myanmar Year 1996 မှာမှ ဖြစ်လာတာတဲ့။ အစောပိုင်းကတော့ အမျှော်အမြင်ရှိတဲ့သူလို့ ဆိုရမှာပေါ့ကွာ။ ပန်းတော်တယ်တစ်ခုပဲ ရှိတယ်။ အခုသူက ရောင်းသွားပြီး တခြားသူတွေ ဖြစ်သွားပြီလို့ ဆိုပါတယ်။ ဟုတ်ပါတယ်။ အခုတော့ တကယ်ကို ဟော်တယ်တွေနဲ့ ပြည့်နေတဲ့မြို့ပါ။ မြို့ခံပညာတတ်တွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းက တခြားကို ထွက်စရာမလိုတော့ပါဘူး။ ဟော်တယ်တွေမှာ အလုပ်ရတယ်။ ဂိုက်လုပ်ကြတယ်။ အဆင်ပြေကြပါ တယ်။ ဒီအထက်အညာဒေသဆိုတာက မိုးတွင်းပိုင်းမှာ မိုးသိပ်မရွာပါဘူး။ မိုးနည်းရပ်ဝန်းဖြစ်တဲ့အတွက် ကြောင့်ပါ။ ကျွန်တော်တို့ မိုးတွင်းပိုင်း ဒီကိုရောက်နေတာပါ။ နွေလိုပါပဲ။ နောက်ပိုင်းမိုးရွာလာတယ်။ မိုးရွာ လာတယ်ဆိုရင်ပဲ သွားရေးလာမှုမှာ အခက်အခဲလေးတွေ တွေ့ရတယ်။ လျှိုတွေကို တံတားမဆောက်ဘဲ လမ်းဖောက်ထားတော့ မိုးရေထိုးဆင်းတဲ့အချိန်မှာ ကားတွေလည်း သွားမရ ဆိုင်ကယ်ဆိုဝေလာဝေး အဖြစ်မျိုး ကြုံရတယ်။ လမ်းဖောက်လုပ်ရာမှာ သတိပြုရမယ့်အချက်ကလေးတွေပါ။ နောက်ပြီး မြို့သစ်မှာ မိုးရွာပြီ ဆိုတာနဲ့ ယခုဈေးသစ်ကြီးဆောက်လုပ်နေတဲ့အရှေ့က ရေလျှံနေပြီ။ ဘာကြောင့်လဲ။ မြို့ဆိုပြီး သတ်မှတ်ထားတဲ့နေရာတစ်ခုမှာ တစ်မြို့လုံးပတ်ကြည့် ရေနှုတ်မြောင်းတစ်ခုမှ မရှိဘူး။ ကန္တာရထဲမှာ မိုးမရှိ ၊ ရေမရှိ မြို့တည်ရင်တောင် ရေနှုတ်မြောင်း(၀ါ)အညစ်အကြေးစွန့်တဲ့မြောင်းတွေတော့ မပါမဖြစ် ထားရှိရလိမ့်မယ်လို့ ထင်ပါတယ်။ ပုဂံမြို့သစ်မှာ ရေနှုတ်မြောင်းဆိုတာ မရှိပါဘူး။ ယခင်က ခြင်မကိုက်တဲ့ အရပ် အခုတော့ ရေဆိုးရေညစ်တွေ ကိုယ့်ခြံဝန်းထဲ ကိုယ်စွန့်ပြီး ခြင်ပေါတဲ့ အရပ် ဖြစ်လို့ နေပါပြီ။ အမှိုက်ပုံအတွက် နေရာသတ်သတ်မှတ်မှတ်လုပ်ပေးမထားပါဘူး။ စိမ်းညက်ညီအစ်မ ဘုရားဘက် သွားတဲ့ လမ်းဘေး ဘုရားကြို ဘုရားကြားက အမှိုက်ပုံဖြစ်လို့နေပါတယ်။ စဉ်းစားသာ ကြည့်ပါတော့။ ပုဂံဒေသကို မြန်မာပြည်သူတွေ စိတ်ဝင်တစားလာရောက်ကြတာကို ထားလိုက်တော့။ ကမ္ဘာလည့် ခရီးသွားတွေ နှစ်စဉ်မပျက် လာရောက်လည်ပတ်နေကြလို့ ဟော်တယ်တွေ ၊ စားသောက်ဆိုင်တွေ အလုပ်ဖြစ်နေကြတာပေါ့။ နိုင်ငံတော်အတွက်လည်း နိုင်ငံခြားဝင်ငွေတွေ အမြောက်အများရှာပေးနေတဲ့ နေရာတစ်ခုပါ။ အိန္ဒိယနိုင်ငံက ဗုဒ္ဓဂါယာလိုပါပဲ။ မြန်မာနိုင်ငံက ပုဂံဆိုတာ။ ဒီဒေသက တိုင်းပြည်အတွက် အကျိုးပြုနေပါလျှက် ဒီဒေသခံတွေအတွက် သာတောင့်သာယာလေးဖြစ်ဖို့ လုံးလစိုက်မပေးကြတော့ဘူးလား။ ရပေါက်ရလမ်းအတွက်ပဲ ဖန်တီးကြမှာလားလို့ မေးစရာဖြစ်လာပါတယ်။ မြို့သစ်အရပ်ဟာ သိပ်ကျယ်ဝန်းလှတာတော့ မဟုတ်ပါဘူး။ လူနေရပ်ကွက် (၁၃)ခုသာ ရှိပါတယ်။ ကျန်စစ်သားပိုင်းမှာ (၆)ရပ်ကွက်နဲ့ အနော်ရထာပိုင်းမှာ (၇)ရပ်ကွက်လို့ သိရပါတယ်။ ကျွန်တော်ထင်ပါတယ်။ မြို့နယ်တစ်ခုအဖြစ် သတ်မှတ်ထားတဲ့နေရာတစ်ခုကို မြို့အင်္ဂါရပ်နဲ့အညီဖြစ်အောင် လမ်း ၊ ရေမြောင်း ၊ ပလက်ဖောင်း ၊ လမ်းမီးတိုင်လေးတွေ စိုက်ထူပေးတာတော့ ရှေးဟောင်းအမွေအနှစ်စာရင်းနဲ့ ပြဿနာ မပေါ်လောက်ပါဘူးရယ်လို့။ တွေးမိတာပါ။ နိုင်ငံခြားသားခရီးသွားတွေ ညမှုညတာ ဓာတ်မီးလေးတွေနဲ့ ကြောက်ရွံ့ကြောက်ရွံ့သွားလာနေတာကို မြင်ရတယ်။ တစ်ခါကဆိုရင် မရိုးဖြောင့်တဲ့ ကောင်တွေက နိုင်ငံခြားသားစုံတွဲကို နှောက်ယှက်မလိုဖြစ်လို့ နိုင်ငံခြားသူခများမှာ ကြောက်ပြီးရှေ့ဆက်မသွားရဲတဲ့ အဖြစ်မျိုး ဘေးကလူကြီးတွေက ကူညီလိုက်ကြရတယ်။ တင်ပြလိုခြင်းက မြို့ပြအင်္ဂါရပ်လေးနဲ့အညီ မြို့သူမြို့သားတွေ အဆင့်အတန်းရှိရှိလေး နေရရုံအတွက်ပါ။ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမှ ကတ္တရာလမ်းလေးတွေ ဖြစ်လာလို့ ကျေးဇူးတင်စရာပါ။ အမှိုက်ပုံလေးကို လွတ်လွတ်လပ်လပ်နေရာတစ်ခုမှာ သတ်မှတ်ပြီး စည်ပင်သာယာအနေနဲ့ တာဝန်ယူပြီး အမှိုက်စွန့်ပေးဖို့ ၊ ရေနှုတ်မြောင်းလေးတွေ စနစ်တကျ ဖြစ်စေဖို့ ၊ မိုးမှမရွာသေးဘူး။ လမ်းပေါ်ရေပြည့်နေပြီ ဆိုတာ မဖြစ်သင့်တဲ့အချက်မှတ်လား။ ပလပ်ဖောင်းလေးတွေ ရှိစေဖို့။ လမ်းမီးတိုင်လေးတွေ စိုက်ထူပေးနိုင်ဖို့။ တိုးတက်မှုအပိုင်းမှာ ဟော်တယ်တွေ များပြားလာတယ်။ ဒေသခံတွေ အလုပ်အကိုင်ရတယ်။ အဆင်ပြေပါပြီ။ ဒီဒေသက ရတဲ့အခွန်အခနဲ့ပဲ ဒီမြို့လေးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားမယ်ဆိုရင် မြို့သူမြို့သားတွေအနေနဲ့ အတော်ကို ကျေးဇူးတင်မဆုံးရှိလိမ့်မယ်လို့ ယုံကြည်ပြီး ပုဂံမြို့သစ် မြို့ပြအင်္ဂါရပ်နဲ့ ညီညွတ်စေဖို့ မြို့ဟောင်းကနေ ပြောင်းရွှေ့လာသူ မြို့ခံ အဘတစ်ဦးကို မေးမြန်းစုံစမ်းပြီး ရေးသားတင်ပြခြင်းပါ။ အကောင်းဘက်ကသာ ရှုမြင်ပေးကြပါ နောင်တော်လေး Myanmar National Network

No comments:

Post a Comment